နိုင်ငံတကာ နာမည်ကြီး ကုန်အမှတ်တံဆိပ်များဖြစ်သည့် H&M ၊ Bestseller ၊ Inditex ၊Tchibo နှင့် Next များ၏ အထည်နှင့် ဖိနပ်များချုပ်လုပ်နေသည့် မြန်မာနိုင်ငံမှ စက်ရုံများအတွက် ချုပ်ခလျော့ခြင်းနှင့် ချုပ်လုပ်နေသည့် အထည်များအတွက် ချုပ်ခများဆက်လက်ပေးမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံမှ စက်ရုံပေါင်း ၁၃၀ ခန့်သည် အလုပ်အကိုင်များဆက်လက်ရရှိနေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) မှ မေလ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။
ယင်းသို့ စက်ရုံပေါင်း ၁၃၀ ခန့်သည့် အလုပ်အကိုင်များရရှိနေမည်ဖြစ်ပြီး အဆိုပါ စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားပေါင်း တစ်သိန်းသုံးသောင်းခန့်သည် လုပ်ခလစာ၊ အလုပ်အကိုင်တည်မြဲမှုနှင့် ကျန်းမာသည့် လုပ်ငန်းခွင်တွင် အလုပ်ဆက်လက်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း IWFM မှ သိရသည်။

ထိုကြောင့် ကျန်းမာရေးနှင့် ညီညွတ်သည့် လုပ်ငန်းခွင်ဖြစ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များကို IWFM၊ အပြည်ပြည်ဆိုင်ရာချည်မျှင်၊ကုန်ထုတ်၊သတ္တုတွင်း၊စွမ်းအင်နှင့် အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ယခုချုပ်လုပ်ခွင့်ရသည့် အထည်နှင့် ဖိနပ်ကုန်အမှတ်တံဆိပ်၏ တာဝန်ရှိသူများနှင့် အဆိုပါ ကုန်ပစ္စည်းများကို ချုပ်လုပ်နေသည့် အလုပ်ရှင်များ အမြန်ဆုံးဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုပြင် ဧပြီနှင့် ဇူလိုင်လအထိ အလုပ်သမားများ၏ လုပ်ခလစာဆုံးရှုံးမှုများကို ဖြေရှင်းရန်၊ ယင်းသို့ ဆုံးရှုံးမှုကို ကာမိစေရန်အတွက် covid-19 ကမ္ဘာလုံးဆိုင်ရာ အထည်ချုပ်လုပ်ငန်းကဏ္ဍအတွင်း လုပ်ဆောင်ပေးရန် တောင်းဆိုချက်ပါ အချက်များကို တောင်းဆိုခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းတောင်းဆိုချက်တွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးစည်းမျည်းစည်းကမ်းများနှင့် အညီ လိုက်နာဆောင်ရွက်ရန် ၊ ကုန်ပစ္စည်းများကိုပေးပို့ရာတွင် သတ်မှတ်ထားသည့်လမ်းညွန်ချက်များကို လိုက်နာကျင့်သုံးရန်နှင့် အလုပ်သမားသမဂ္ဂနှင့် အလုပ်ရှင်များသည့် သုံးပွင့်ဆိုင်အပြန်အလှန်ပြောဆိုဆွေးနွေးရန်တို့ ပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် သပိတ်မှောက်ခြင်း၊ ဆန္ဒပြခြင်းနှင့် အလုပ်ပိတ်ခြင်းစသည့် လုပ်ငန်းထိခိုက်နိုင်သည့်အပြုအမှုများဖြစ်ပွားပါက သက်ရောက်မှုများကို ဆန်းစစ်ပြီး အလုပ်သမားသမဂ္ဂများက အလုပ်ရှင်အလုပ်သမားများကို အကြံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် နေရပ်ပြည်သွားသည့် အလုပ်သမားများ အချိန်မီပြန်လာနိုင်ရေးအတွက် အလုပ်ရှင်များထံသို့ အကြောင်းကြားခြင်းနှင့် လူမှုဖူလုံရေးအဖွဲ့များထံသို့ အကြောင်းကြားခြင်းတို့ကို အလုပ်သမားသမဂ္ဂမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။