တရုတ်မှ သတ်မှတ်ထားသည့် ယာဉ်မောင်းများအစားထိုးမှသာ တရုတ်နယ်စပ်သို့ သစ်သီးကားများ ဝင်ခွင့်ရမည်
မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်သို့ ဖရဲ၊သခွားနှင့် သရက်သီးတင်ပို့နေသည့် ကားများကို မြန်မာယာဉ်မောင်းများတိုက်ရိုက်မောင်းနှင် ဝင်ရောက်သည့်စနစ်အား တရုတ်မှ သတ်မှတ်ထားသည့်အစားထိုးယာဉ်မောင်းများနှင့်သာ ဝင်ရောက်သည့်စနစ်ကိုကျင့်သုံးသွားမည်ဖြစ်ကြောင်း တရုတ်ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည်။
ယင်းသို့ တရုတ်မှသတ်မှတ်ထားသည့် ယာဉ်မောင်းများနှင့်အစားထိုးဝင်ရောက်ခြင်းကို ဧပြီ ၂၀ ရက်မှ စတင်ကျင့်သုံးမည်ဖြစ်ကြောင်း သစ်သီးဝလံကုန်စည်ဒိုင် (မူဆယ်)မှ သိရသည်။
ထိုသို့ covid -19 ၏နောက်ဆက်တွဲ စီးပွားရေးဂယက်ကြောင့် မူဆယ်နှင့် တရုတ်ပြည်သို့အဝင်ဂိတ်တွင် ကားများဝင်ရောက်ခွင့်မရနိုင်သည့်အခြေအနေများကြောင့် သစ်သီးများပုပ်သိုး ပျက်စီးကာ ရောင်းရသည့် ငွေပမာဏမှာ ကားခမရှင်းရန်ပင် မလုံလောက်သည့်အခြေအနေများနှင့် ကြုံတွေ့နေရပြီး ပွဲရုံပိုင်ရှင်များမှာလည်း စိုက်ထုတ်ရှင်းမပေးနိုင်သည့် အခြေအနေများနှင့် ကြုံတွေ့နေရကြောင်း သစ်သီကုန်စည်ဒိုင်ပိုင်ရှင်တစ်ဦးထံမှ သိရသည်။
ဧပြီ ၁၆ ရက်တွင် ဖရဲ၊သခွားကား အစီးရေ ၂၃၀ ခန့်သာဝင်ရောက်နိုင်ခဲ့ကြောင်း သစ်သီးကုန်စည်ဒိုင်များထံမှ သိရသည်။