Lock Down Area အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ငန်းလည်ပတ်မည်ဆိုပါက သက်ဆိုင်ရာအစိုးရသို့ ခွင့်ပြုချက် တောင်းခံရမည်
COVID 19 ကူးစက်ရောဂါ တွေ့ရှိခြင်းကြောင့် တားမြစ်ထားသည့် Lock Down Area အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများ မဖြစ်မနေ လုပ်ငန်းလည်ပတ်ရမည်ဆိုပါက သက်ဆိုင်ရာ အစိုးရထံသို့ လုပ်ငန်းလည်ပတ်ခွင့် ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိမှသာ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး၀န်ကြီးဌာနမှ သိရသည်။
သက်ဆိုင်ရာ အစိုးရဌာနများမှ လုပ်ငန်းဆောင်ရွက်ခွင့်ပြုပါက ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်မည့် အလုပ်သမားအရေအတွက် စာရင်းကို နေ့စဉ်မှတ်တမ်းတင်ထားရမည်ဖြစ်သည်။
လုပ်ငန်းဆောင်ရွက်ရာတွင် အလုပ်သမားတစ်ဦးနှင့် တစ်ဦး ၆ပေအကွာတွင် လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ပြီး မျက်နှာချင်းဆိုင် အလုပ်လုပ်ကိုင်မှုများကို ရှောင်ကျဉ်ခိုင်းရမည်ဖြစ်သော်လည်း မျက်နှာချင်းဆိုင် လုပ်ကိုင်ရမည်ဆိုပါက ၁၅မိနစ်ထက် မပိုစေရန် သတိပြုလုပ်ကိုင်စေရမည်ဖြစ်သည်။
ထို့ပြင် လုပ်ငန်းဆောင်ရွက်နေစဉ်တွင် မျက်နှာနှင့် လက်ကို မထိစေရန် သတိပြုလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး အလုပ်သမားများအတွက် လက်ဆေးနိုင်သည့် နေရာနှင့် လက်သန့်ဆေးရည်များကို လုပ်ငန်းခွင်အတွင်း ထားရှိပေးရမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ခွင့်ပြုချက်တောင်းခံခြင်းသည် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ၁၄ခုနှင့် နေပြည်တော်ကောင်စီ နယ်မြေပါ ပါ၀င်ကြောင်း သိရသည်။