အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများကို ချေးငွေပေးနိုင်ရန် ဘဏ်များသို့ ချေးငွေအာမခံပေးမည့် အဖွဲ့အစည်း(Credit Guarantee Corporation)ထူထောင်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ ဒေါ်လာသန်း(၆၀)ချေးငွေရယူမည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းကပြောသည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ စတုတ္တနှစ်တစ်နှစ်တာဆောင်ရွက်များအပေါ် နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြချက်ရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ချေးငွေအာမခံပေးမည့် အဖွဲ့အစည်း(Credit Guarantee Corporation)သည် ချေးငွေပေးသည့် ဘဏ်များ၏ ဆုံးရှုံးနိုင်ခြေကို မျှဝေနိုင်ရန်နှင့် ချေးငွေများပံ့ပိုးပေးနိုင်ရန်ဖြစ်သည်ဟု ဝန်ကြီးကဆိုသည်။

CGC သည် အပေါင်ပစ္စည်းမထားနိုင်သော MSME လုပ်ငန်းများကို ချေးငွေထုတ်ချေးရာတွင် ဆုံးရှုံးနိုင်သည့် စွန့်စားမှုကို အစိုးရနှင့် သက်ဆိုင်ရာဘဏ်ကမျှဝေခံပေးရခြင်းဖြစ်သည်။
ယခင်ကချေးငွေဆုံးရှုံးနိုင်ခြေကို CGCက(၈၀)ရာခိုင်နှုန်းနှင့် ချေးငွေထုတ်ပေးသောဘဏ်က(၂၀) ရာခိုင်နှုန်းမှ နောင်ကာလများတွင် CGCက(၆၀)ရာခိုင်နှုန်းနှင့် ဘဏ်က(၄၀)ရာခိုင်နှုန်းအထိ တဖြည်းဖြည်းတိုးမြှင့်သွားရန် စဉ်းစားထားသည်ဟု ဝန်ကြီးက ပြောကြားထားဖူးသည်။
အဆိုပါ အဖွဲ့အစည်းပေါ်ပေါက်ရန် အနည်းဆုံးအချိန်(၂)နှစ်မှ (၃)နှစ်အထိ ကြာမြင့်နိုင်သည်ဟု ဝန်ကြီးကဆိုသည်။