Written by Zin Thu Tun and Myo Sandar
Covid-19 Fund ချေးငွေမှ ဒုတိယအကြိမ် လုပ်ငန်းပေါင်း(၁၁၃)အား ချေးငွေထုတ်ချေး ခွင့်ပြုကြောင်း ဧပြီ(၂၈)ရက်၌ စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီက သတင်းထုတ်ပြန်သည်။
ပထမအကြိမ်ကို ဧပြီ(၉)ရက်တွင် လုပ်ငန်းပေါင်း(၈၈)ခုအား ကျပ်(၆)ဘီလီယံနီးပါး ချေးငွေထုတ်ယူ ခွင့်ပြုခဲ့ပြီးနောက် ယခုဒုတိယအကြိမ်တွင် ထုတ်ချေးမည့်ငွေပမာဏကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။
Covid-19ကြောင့် လတ်တလောစီးပွားရေးထိခိုက်မှု အများဆုံးခံစားရသောလုပ်ငန်းများမှ CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးစားပေး ကုစားရမည့် ကဏ္ဍများအဖြစ်သတ်မှတ်ကာ Covid-19 Fund အဖြစ် ကနဦးကျပ်ဘီလီယံ(၁၀၀)မတည်ကာ ချေးငွေများကို ထုတ်ချေးလျက်ရှိသည်။
ယင်းကဏ္ဍများမှ လုပ်ငန်းများအနေဖြင့် အွန်လိုင်းမှတဆင့်ချေးငွေလျှောက်လွှာများကို လျှောက်ထား နိုင်ကြောင်း မတ်လ(၂၉)ရက်၌ ထုတ်ပြန်ကြေညာထားပြီး လက်ရှိအချိန်ထိ ချေးငွေလျှောက်ထားသူ စုစုပေါင်း (၄၀၀၀)ခန့်ရှိသည်။
ချေးငွေထုတ်ယူခွင့်ရရှိသူသည် မြန်မာ့စီးပွားရေးဘဏ်၏ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ ချေးငွေရရှိမည်ဖြစ်ပြီး ဆက်လက်၍ ချေးငွေများထုတ်ချေးနိုင်ရန် စိစစ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Covid-19 ၏ သက်ရောက်မှုကြောင့် ထိခိုက်နစ်နာမှုရှိသည့် စီးပွားရေးလုပ်ငန်းများကို အစိုးရက ကျပ် ဘီလီယံ (၁၀၀) ထုတ်ချေးပေးမည်ဖြစ်ပြီး အဆိုပါ ချေးငွေထုတ်ချေးခြင်းကို ဧပြီလမှ စတင်လျှောက်ထားခွင့်ပြုခဲ့ပြီး ပထမအသုတ်အဖြစ် လုပ်ငန်း ၈၅ ခုကို မြန်မာစီးပွားရေးဘဏ်၏ ခွင့်ပြုချက်ဖြင့် ထုတ်ချေးလျက်ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။
ယင်းအပြင် ချေးငွေလျှောက်ထားခွင့်လျှောက်ထားသည့် လုပ်ငန်း ၁၁၃ ခုကို ချေးငွေထုတ်ချေးရန်ဆောင်ရွက်လက်ရှိကြောင်း ကုန်စည်စက်မှုအသင်းချုပ်ထံမှ သိရသည်။
ထိုသို့ ချေးငွေထုတ်ချေးခြင်းကို ကုန်သည်စက်မှုအသင်းချုပ်က ဦးဆောင်ခြင်းဖြစ်ပြီး ချေးငွေလျှောက်ထားခြင်းကို ဧပြီ ၉ ရက်အထိ နောက်ဆုံးထားလျှောက်ထားခွင့်ပြုခဲ့သည်။
လက်ရှိတွက် ချေးငွေထုတ်ယူခွင့်လျှောက်ထားသည့် လုပ်ငန်းများကျန်ရှိနေပြီး ယင်းလုပ်ငန်းများကို ချေးငွေထုတ်ချေးနိုင်ရန် စိစစ်နေကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။
ယင်းသို့ ချေးငွေလျှောက်ထားရာတွင် Covid-19 ၏ အကျိုးသက်ရောက်မှုအများဆုံးဖြစ်သည့် လုပ်ငန်းများကို ထုတ်ချေးမည်ဖြစ်ပြီး အတိုးနှုန်းမှာ ၁ ရာခိုင်နှုန်းသတ်မှတ်ထားကာ ချေးငွေသတ်တမ်းမှာ တစ်နှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ဧပြီ ၁ ရက်တွင် အဆိုပါချေးငွေလျှောက်ထားသူ စုစုပေါင်း (၅၀) ခန့်ရှိပြီး စုံစမ်းမေးမြန်းသူ (၁၅၄) ဦးရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။
အဆိုပါ ချေးငွေကို အွန်လိုင်းဖြင့်လည်း လျှောက်ထားနိုင်ပြီး အွန်လိုင်းမှ ချေးငွေလျှောက်ထားခြင်းကို ဧပြီ ၂ ရက်မှ စတင်လျှောက်ထားနိုင်ကြောင်း သိရသည်။
ယင်းချေးငွေကို CMP လုပ်ငန်းများ၊ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊အထည်ချုပ်လုပ်ငန်းများနှင့် SME လုပ်ငန်းများကို ထုတ်ချေးပေးသွားမည်ဖြစ်သည်။