မြန်မာနိုင်ငံတစ်ဝှမ်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက် စစ်ဆေးမှုပြုလုပ်ခြင်းကို ယခင် ဧပြီလ ၃၀ရက်နေ့မှ မေလ ၁၅ရက်နေ့အထိ တိုးမြှင့်ကာ စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း အလုပ်သမား လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။
စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်ဌာနများကို စစ်ဆေးမှုပြုလုပ်ရန်အတွက် သက်ဆိုင်ရာဌာနသို့ အကြောင်းကြားရမည်ဖြစ်ပြီး အကြောင်းကြားမှုမရှိခြင်း၊ စစ်ဆေးခံနိုင်မှု မရှိခြင်းများကို စစ်ဆေးတွေ့ရှိပါက လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်ကို ရရှိမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွေ ဖော်ပြပါရှိသည်။
ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ စံသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိပါက စစ်ဆေးနိုင်ရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် တိုင်းဒေသကြီး၊ ပြည်နယ်ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန သို့မဟုတ် အလုပ်ရုံနှင့် အလုပ်သမားဉပဒေစစ်ဆေးရေး ဦးစီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံးများသို့ အကြောင်းကြားရမည်ဖြစ်သည်။
သက်ဆိုင်ရာ ဌာနများသို့ အကြောင်းကြားကာ စစ်ဆေးမှု ခံယူမည့် လုပ်ငန်းများအနေဖြင့် စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပြီး ဖွင့်လှစ်ခွင့်ပြုထားသည့် ရက်အထိ လူမှုဖူလုံရေးထောက်ပံ့ကြေးရရှိမည်ဖြစ်ပြီး စစ်ဆေးပြီးနောက် ဖွင့်လှစ်ခွင့်မရရှိဘဲ ပြင်ဆင်ပြီးမှ ပြန်လည်ဖွင့်လှစ်ရမည့် လုပ်ငန်းများအနေဖြင့် စစ်ဆေးပြီးရက်မှ နောက်ထပ် ၅ရက်အထိ အကျိုးခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာစက်မှုဇုန်တွင် စက်ရုံပေါင်း နှစ်ထောင်ကျော်ရှိသည့်အနက်မှ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိရန် စစ်ဆေးမှု ခံယူသည့် စက်ရုံမှာ ၅၀၀ကျော်ခန့်သာရှိကြောင်း သိရသည်။