Covid -19 ကာလတွင် တက္ကသိုလ်မှ ဆရာ၊ ဆရာမများသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေထိုင်မှုအခက်အခဲများကို အဓိက ရင်ဆိုင်နေရခြင်းကြောင့် လူမှုဖူလုံရေးဥပဒေပါ ကန့်သတ်ချက်များကိုဖြေလျှော့ပြီး အခမဲ့ကျန်းမာရေးစောင့်ရှောက်အတွက် အထူးရန်ပုံငွေထူထောင်ခြင်းနှင့် တက္ကသိုလ်များတွင် အရေးတကြီးလိုအပ်သော အဆောင်၊ အခန်းနှင့် ဝန်ထမ်းအိမ်ရာများကို နိုင်ငံတော်အစိုးရမှ လျင်မြန်စွာဆောက်လုပ်ပေးရန် တက္ကသိုလ် ဒီဂရီကောလိပ်နှင့် ကောလိပ် ဆရာသမဂ္ဂများကွန်ရက်မှ မေ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယင်းအပြင် တန်ဖိုးသင့်အိမ်ရာဆောက်လုပ်၍ နှစ်ရှည်အရစ်ကျစနစ်ဖြင့် ဝယ်ယူခွင့်ပြုရန် နိုင်ငံတော်အစိုးရကို တိုက်တွန်းထားသည်။
လက်ရှိတွင် ဆရာ၊ ဆရာမများသည် တက္ကသိုလ်ဆေးရုံ၊ဆေးပေးခန်းများမှ မရှိသလောက်နည်းပါးနေခြင်းကြောင့် လုံလောက်သည့်ကျန်းမာရေးစောင့်ရှောက်မှုမရခြင်းနှင့် နေထိုင်ရေးခက်ခဲသည် ပြသနာများကြုံတွေ့နေရကြောင်း တက္ကသိုလ် ဒီဂရီကောလိပ်နှင့် ကောလိပ် ဆရာသမဂ္ဂများကွန်ရက်မှ သိရသည်။
ဆရာ၊ဆရာမများ၏ ၈၀ ရာခိုင်နှုန်းမျာ အိမ်ငှားဘဝဖြင့်နေထိုင်နေရပြီး နေအိမ်ဌားရမ်းခြင်းအတွက် လစာ၏ ၅၀ ရာခိုင်နှုန်းကို အသုံးပြုနေရကြောင်း အဆိုပါ တက္ကသိုလ် ဒီဂရီကောလိပ်နှင့် ကောလိပ် ဆရာသမဂ္ဂများကွန်ရက်မှ သိရသည်။
ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ချထားပေးသည့် ဝန်ထမ်းအိမ်ရာနှင့် အဆောင်များမှာလည်း ဆရာ၊ဆရာမ ဦးရေဖြင့် လုံလောက်မှုမရှိဘဲ အိမ်ခန်းတစ်ခန်းတွင် မိသားစု ၂ စုနေထိုင်နေရကြောင်း အဆိုပါ ကွန်ရက်မှ သိရသည်။
ထိုကြောင့် နိုင်ငံတော်အစိုးရမှ Covid-19 ကာလအတွက် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာပြန်လည်ထူထောင်ရေးစီမံချက်များရေးဆွဲရာတွင် ထည့်သွင်းရေးဆွဲပေးရန် ယင်း တက္ကသိုလ် ဒီဂရီကောလိပ်နှင့် ကောလိပ် ဆရာသမဂ္ဂများကွန်ရက်မှ တိုက်တွန်းထားသည်။