Covid-19 ရောဂါကြောင့် လုပ်ငန်းခွင့်သို့ အချိန်မှီမရောက်နိုင်သည့် စက်ရုံအလုပ်ရုံအလုပ်သမားများကို ဧပြီ ၂၀ ရက်မှ ဧပြီ ၃၀ ရက်အထိ လစာမဲ့ခွင့်ပေးရန် မြန်မာနိုင်ငံစက်မှုကုန်လုပ်သူများအသင်းမှ ဧပြီ ၁၈ တွင်ထုတ်ပြန်လိုက်သည်။
ယင်းသို့ ဧပြီ ၂၀ ရက်မှ ဧပြီ ၃၀ ရက်အတွင်း ၁၁ ရက် ကြာ လုပ်ငန်းခွင့်သို့ လာရောက်ရန် အခက်အခဲရှိသည့် အလုပ်သမားများသည့် လုပ်ငန်းရှင်ထံသို့ ဆက်သွယ်၍ ခွင့်တိုင်ကြားပါက လစာမဲ့ခွင့်ပေးရန် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြစ်ပွားနေသည့် Covid -19 ရောဂါကြောင့် အလုပ်သမားများ အလုပ်အကိုင်ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရပြီး ကုန်ထုတ်လုပ်ငန်းများ ထိခိုက်နစ်နာမှုများကြုံတွေနေရခြင်းကို လျော့နည်းစေရန် ယင်းသို့ လစာမဲ့ခွင့့်ပေးရန် တိုက်တွန်းလိုက်ရခြင်းဖြစ်ကာ လုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းပါဝင်ကြရန် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းမှ ထုတ်ပြန်လိုက်သည်။
ယင်းပြင် အသင်းဝင်စက်မှုလုပ်ငန်းရှင်များသည့် စက်ရုံ၊အလုပ်ရုံနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များအတွက် ညွန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အဆိုပါ အသင်းမှ ထုတ်ပြန်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ကုမ္ပဏီ၊ စက်ရုံအလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင့်သို့ သွားရောက်ခြင်း ကိစ္စရပ်မှ အပ လူ (၅) ဦးထက် ပိုမစုဝေးရန် ညွှန်ကြားခဲ့ပြီး ပျက်ကွက်ပါက ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူခံရမည်ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီ ၁၉ ရက်တွင် အစိုးရမှ စက်ရုံ အလုပ်ရုံမှ ဝန်ထမ်းများအနေဖြင့် ဧပြီ ၃၀ ရက်အထိ အလုပ်ဆင်းရန်မလိုဘဲ လုပ်ငန်းလည်ပတ်သည့် စက်ရုံအလုပ်ရုံများကိုလည်း စစ်ဆေးပြီးမှသာ လုပ်ငန်းလည်ပတ်ခွင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းသို့ ထုတ်ပြန်ထားသော်လည်း ရန်ကုန်မြို့ရှိစက်မှုဇုန်များတွင် အလုပ်ဆင်းရန်လာရောက်ခဲ့သည့် အလုပ်သမားများရှိခဲ့ကြောင်း စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီများမှ သိရသည်။