မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် အပ်ငွေအပေါ်ပေးသည့်အတိုးနှုန်းနှင့် ချေးငွေအပေါ်ပေးသည့်အတိုးနှုန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယခင်ပေးနေသည့်အတိုးနှုန်းထက် ၁ ဒဿ ၅ ရာခိုင်နှုန်းအထိ လျှော့ချပြီးနောက်တွင် ပုဂ္ဂလိကဘဏ်များမှ အတိုးနှုန်းများပြင်ဆင်သတ်မှတ်လာပြီး ယခုအခါတွင် ပုဂ္ဂလိကဘဏ်များအနက် AGD ဘဏ်နှင့် AYA ဘဏ်တို့၏ အပ်ငွေအပေါ်ပေးသည့် အတိုးနှုန်းမှာ အမြင့်ဆုံးဖြစ်နေသည်။
ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၃ ခုတွင် AGD ဘဏ်နှင့် AYA ဘဏ်၏ အပ်ငွေအပေါ်ပေးသည့်အတိုးနှုန်းမှာ အမြင့်ဆုံးဖြစ်သည်။
AGD ဘဏ်က အပ်ငွေအပေါ်အတိုးနှုန်း ၆ ဒဿမ ၂၅ ရာခိုင်နှုန်းနှင့် AYA ဘဏ်က အပ်ငွေအပေါ်အတိုးနှုန်း ၆ ရာခိုင်နှုန်းမှ ၆ ဒဿ ၅ ရာခိုင်နှုန်းအထိ ပေးထားကြောင်း အဆိုပါဘဏ်များထံမှ သိရသည်။
ကျန်သည့် ပုဂ္ဂလိကဘဏ်များမှာ အပ်ငွေအပေါ်အတိုးနှုန်း ၅ ရာခိုင်နှုန်းမှ ၆ ဒဿမ ၂ ရာခိုင်နှုန်းအထိ ပေးကြောင်း ပုဂ္ဂလိကဘဏ်များမှ စုံစမ်းသိရသည်။
KBZ ဘဏ်သည် အပ်ငွေအပေါ် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့်ပေးသောကြောင့် ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေအတိုးနှုန်း အနိမ့်ဆုံးဖြစ်နေသည်။ ခေါ်ယူအပ်ငွေများအပေါ်တွင် ပေးသည့်အတိုးနှုန်းမှာ AYA ဘဏ်မှ အမြင့်ဆုံးပေးထားပြီး တစ်လအတွက် အတိုးနှုန်း ၇ ရာခိုင်နှုန်းနှင့် ၂ နှစ်အတွက် အတိုးနှုန်း ၈ ဒဿမ ၂၅ ရာခိုင်နှုန်းအထိ ပေးထားကြောင်း AYA ဘဏ်မှသိရသည်။
အဆိုပါ အတိုးနှုန်းအသစ်များသည် ၂၀၂၀ ခုနှစ် မေ ၁ ရက်မှစတင် အကျိုးသက်ရောက်ခဲ့သည်။

စီးပွားရေးလုပ်ငန်းများ လျင်မြန်စွာတိုးတက်စေရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အတိုးနှုန်းကို တစ်နှစ်လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။
ဘဏ်များ အပ်ငွေအပေါ်ပေးသည့်အတိုးနှုန်းနှင့် ချေးငွေအပေါ်ပေးသည့်အတိုးနှုန်းကို လျှော့ချလိုက်ခြင်းဖြစ်ပြီး ငွေစုစာရင်းအပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှပေးရသည့်အပ်ငွေတို့အပေါ်တွင် ပေးသည့် အနိမ့်ဆုံးအတိုးနှုန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ထားသည့်အတိုးနှုန်း၏ ၂ ရာခိုင်နှုန်းထက် ပိုမပေးရန် ထုတ်ပြန်ထားသည်။
ထိုပြင် အာမခံပစ္စည်းများရယူပြီး ထုတ်ချေးသည့် ချေးငွေများအတွက် ကောက်ခံသည့်အတိုးနှုန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အတိုးနှုန်းသတ်မှတ်ချက် ၃ ရာခိုင်နှုန်းထက် ကျော်လွန်၍ မကောက်ခံရန် ပြင်ဆင်သတ်မှတ်ခဲ့သည်။
အာမခံပစ္စည်းများမဟုတ်ဘဲ အခြားပစ္စည်းများရယူ၍ဖြစ်စေ အာမခံပစ္စည်းမပါဘဲဖြစ်စေ ထုတ်ချေးထားသည့် ချေးငွေများအပေါ်တွင် တောင်းခံသည့်အတိုးနှုန်းများကိုလည်း ၁၄ ဒသမ ၅ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် အာမခံပစ္စည်းများမှာ မြေနှင့်အဆောက်အဦး၊ စိန်နှင့်အဖိုး တန်ကျောက်မျက်၊ ငွေစုလက်မှတ်၊ အစိုးရငွေတိုက်လက်မှတ်၊ စာရင်းသေအပ်ငွေ၊ ငွေချေးသက်သေခံလက်မှတ်များ၊ ပြောင်းလဲနိုင်သည့် စာချုပ်စာတမ်းများနှင့် ချေးငွေအာမခံဖြင့် ထုတ်ချေးသည့် ချေးငွေများဖြစ်သည်။