မြန်မာ့ရှေ့ဆောင်ဘဏ်(MAB)က Better Saving Deposits (အထူးငွေစုဘဏ်အပ်ငွေ) ဝန်ဆောင်မှုဖြင့် ငွေအပ်နှံခြင်းအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၇ ရာခိုင်နှုန်းအထိ အမြင့်ဆုံးပေးသည့် အစီအစဉ်အား မေလ ၄ ရက်မှ စတင် ဝန်ဆောင်မှုပေးကြောင်း အဆိုပါ ဘဏ်မှ သိရသည်။
ယင်းဝန်ဆောင်မှုအတွက် ကနဦးစာရင်းဖွင့်ငွေ တစ်သောင်းကျပ်ဖြင့် ငွေစုဘဏ်အကောင့် စတင်ဖွင့်လှစ်နိုင်ပြီး အတိုးနှုန်းများကို ငွေစုဘဏ်စာရင်းသို့ လစဉ် ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဘဏ်အတိုးနှုန်းလျှော့ချပြီးနောက်တွင် စာရင်းသေအပ်ငွေအတိုးနှုန်းများကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း MAB ဘဏ်မှ သိရသည်။
၁ လမှ ၂ လအထိ စာရင်းသေအပ်ငွေများအတွက် အတိုးနှုန်းကို အတိုးနှုန်း ၆ ဒသမ ၇၅ ရာခိုင်နှုန်း၊ ၃ လစာရင်းသေအပ်ငွေအတွက် အတိုးနှုန်း ၇ ရာခိုင်နှုန်း ၊ ၆ လစာရင်းသေအပ်ငွေအတွက် အတိုးနှုန်း ၇ ဒသမ ၁၀ ရာခိုင်နှုန်း၊ ၉လ စာရင်းသေအပ်ငွေအတွက် အတိုးနှုန်း ၇ ဒသမ ၂၀ရာခိုင်နှုန်းနှင့် ၁ နှစ်စာရင်းသေအပ်ငွေ အတွက် တစ်နှစ်လျှင် ၇ ဒသမ ၅ ရာခိုင်နှုန်းအဖြစ်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း MAB ဘဏ်မှ သိရသည်။
ပုံမှန်ငွေစုစာအုပ်(Saving Deposit) အတိုးနှုန်းမှာ တစ်နှစ်လျှင် ၆ ရာခိုင်နှုန်းနှင့် ခေါ်ယူအပ်ငွေများအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၄ ဒဿမ ၅ ရာခိုင်နှုန်းအဖြစ်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။
ထိုပြင် ကာလကန့်သတ်ချက်ချေးငွေ( Term loan)အတွက် တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်း၊ နှစ်ချင်းဆပ်ချေးငွေအတွက် တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းနှင့် စာရင်းပိုထုတ်ချေးငွေ အတွက် တစ်နှစ်လျှင် ၉ ရာခိုင်နှုန်းအပေါင်း ဝန်ဆောင်ခ ၁ ရာခိုင်နှုန်းအဖြစ်ပြောင်းလဲ လိုက်ကြောင်း MAB ဘဏ်မှ သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုုကို အထောက်အကူဖြစ်စေရန် အပ်ငွေအပေါ်ပေးသည့်အတိုးနှုန်းနှင့် ချေးငွေအပေါ်ပေးသည့်အတိုးနှုန်းများကို ယခင်ပေးနေသည့်အတိုးနှုန်းမှ ၁ ဒသမ ၅ ရာခိုင်နှုန်းလျှော့ချလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်လိုက်သည်။
အဆိုပါ အတိုးနှုန်းများသည့် ၂၀၂၀ ခုနှစ် မေ ၁ ရက်မှစတင် အကျိုးသက်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
ယင်းသို့ စီးပွားရေးလုပ်ငန်းများလျှင်မြန်စွာတိုးတက်စေရန်အွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အတိုးနှုန်းကို တစ်နှစ်လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်လိုက်ခြင်းကြောင့် ၁ ဒသမ ၅ ရာခိုင်နှုန်း လျော့ချလိုက်ခြင်းဖြစ်သည်။
ဘဏ်များအပ်ငွေအပေါ်ပေးသည့်အတိုးနှုန်းနှင့် ချေးငွေအပေါ်ပေးသည့်အတိုးနှုန်းကို လျော့ချလိုက်ခြင်းဖြစ်ပြီး ငွေစုစာရင်းအပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှပေးရသည့်အပ်ငွေတို့အပေါ်တွင် ပေးသည့်အနည်းဆုံးအတိုးနှုန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ထားသည့်အတိုးနှုန်း၏ ၂ ရာခိုင်နှုန်းထက် ပိုမပေးရန် ထုတ်ပြန်ထားသည်။
ထိုပြင် အာမခံပစ္စည်းများရယူပြီး ထုတ်ချေးသည့် ချေးငွေများအတွက် ကောက်ခံသည့်အတိုးနှုန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အတိုးနှုန်းသတ်မှတ်ချက် ၃ ရာခိုင်နှုန်းထက် ကျော်လွန်၍ မကောက်ခံရန် ပြင်ဆင်သတ်မှတ်လိုက်သည်။
ယင်းပြင် အာမခံပစ္စည်းများမဟုတ်ဘဲ အခြားပစ္စည်းများရယူ၍ဖြစ်စေ အာမခံပစ္စည်းမပါဘဲဖြစ်စေ ထုတ်ချေးထားသည့် ချေးငွေများအပေါ်တွင် တောင်းခံသည့်အတိုးနှုန်းများကို ၁၄ ဒသမ ၅ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲသတ်မှတ်လိုက်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် အာမခံပစ္စည်းများမှာ မြေနှင့်အဆောက်အဦး၊ စိန်နှင့်အဖိုး တန်ကျောက်မျက်၊ ငွေစုလက်မှတ်၊ အစိုးရငွေတိုက်လက်မှတ်၊ စာရင်းသေအပ်ငွေ၊ ငွေချေးသက်သေခံလက်မှတ်များ၊ ပြောင်းလဲနိုင်သည့် စာချုပ်စာတမ်းများနှင့် ချေးငွေအာမခံဖြင့် ထုတ်ချေးသည့် ချေးငွေများဖြစ်သည်။