MTSH၏ အစုရှယ်ယာတစ်စုလျှင် ကျပ်(၂၀၀)နှုန်းဖြင့် အမြတ်ဝေစုခွဲဝေပေးမည်
သီလဝါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ(MTSH)အနေဖြင့် ရှယ်ယာတစ်စုလျှင် အမြတ်ဝေစု (၂၀၀)ကျပ်နှုန်းဖြင့် ခွဲဝေပေးသွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီကအသိပေးကြေညာထားသည်။
ကုန်ဆုံးခဲ့သော ၂၀၁၉၊ စက်တင်ဘာ(၃၀)ရက် ဘဏ္ဍာနှစ်အတွက် အဆိုပြုအမြတ်ဝေစုပမာဏကို ၂၀၂၀ပြည့်နှစ်၊ ဧပြီလ(၂၅)ရက်၌ ကျင်းပပြုလုပ်ခဲ့သော ဒါရိုက်တာအဖွဲ့ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အစုရှယ်ယာရှင်များအနေဖြင့် မေလ(၇)ရက်အထိ အရောင်းအဝယ်ပြုလုပ်ထားသူများသာ အမြတ်ဝေစုခံစားခွင့်ရရှိသော အစုရှယ်ယာရှင်အဖြစ် သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။
ယခုနှစ်တွင် ကျပ်(၂၀၀)နှုန်းဖြင့် ကျပ်(၇ဒသမ၇)ဘီလီယံကျော် ခွဲဝေပေးမည်ဖြစ်ပြီး ယခင်၂၀၁၉ခုနှစ် တွင် အစုရှယ်ယာတစ်စုလျှင် ကျပ်(၂၅၀)နှုန်းဖြင့် ကျပ်(၉ဒသမ၇)ဘီလီယံကျော် ခွဲဝေးပေးခဲ့သည်။
MTSH ကုမ္ပဏီ၏ အစုရှယ်ယာရှင် အမြတ်ငွေကို ထုတ်ပြန်ကြေညာခဲ့သော်လည်း ကုမ္ပဏီ၏ အသားတင်အမြတ်ငွေနှင့် အမြတ်ဝေစုထုတ်ပေးမည့်ရက်ကို ထပ်မံကြေညာပေးမည်ဟု ဖော်ပြထားသည်။
၂၀၁၆-၁၇ဘဏ္ဍာနှစ်တွင် MTSH ရှယ်ယာတစ်စုလျှင် ကျပ်(၂၆၀)ဖြင့် ကုမ္ပဏီသမိုင်းတစ်လျှောက် အမြတ်ဝေစုအများဆုံးပေးသောနှစ်ဖြစ်သည်။
MTSH သည်၂၀၁၃ခုနှစ်၌ ရှယ်ယာရှင်ပေါင်း(၁၇၀၀၀)ကျော်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော အများပိုင် ကုမ္ပဏီတစ်ခုဖြစ်သည်။ ယင်းအပြင် ၂၀၁၆ခုနှစ်တွင် ရန်ကုန်စတော့အိတ်ချိန်းသို့ ဒုတိယမြောက်စာရင်းဝင် ကုမ္ပဏီအဖြစ် ဝင်ရောက်ခဲ့သည်။
Myanmar Thilawa SEZ Holdings Public Limited (MTSH) announced that it will give K200 dividends per share for 2019 fiscal year, in accordance with the decision of board of directors held on April 25.
The company will give a total of K7.7 billion this year while it gave K9.7 billion last year.
In 2016-2017 fiscal year, the company gave K260 per share marking the record high in company’s history.
MTSH was established in 2013 with over 17,000 shares and became the second listed company at Yangon Stock Exchange in 2016.