မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ရရှိစေရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေ အတိုးနှုန်းကို မေလ ၁ရက်နေ့မှစတင်၍ လျှော့ချ ပြင်ဆင်ကောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိ ထုတ်ချေးပေးလျက်ရှိသည့် စိုက်ပျိုးရေးချေးငွေ၊ JICA, Two Step Loan ချေးငွေ ၊ MEB, Two Step Loan ချေးငွေများအပေါ် ကောက်ခံသည့် အတိုးနှုန်းများကို လျှော့ချ ကောက်ခံသွားမည်ဖြစ်သည်။
စိုက်ပျိုးရေးစရိတ်ချေးငွေကို လက်ရှိတွင် တစ်နှစ်လျှင် ၇ ရာခိုင်နှုန်းဖြင့်ကောက်ခံနေရာမှ ၅ရာခိုင်နှုန်းသို့ ပြောင်းလဲကောက်ခံမည်ဖြစ်ပြီး JICA, Two Step Loan ချေးငွေ ကို တစ်နှစ်လျှင် ၆.၅ ရာခိုင်နှုန်းမှ ၅ရာခိုင်နှုန်းသို့ ပြောင်းလဲကောက်ခံမည့်အပြင် MEB, Two Step Loan ကို ၈ ရာခိုင်နှုန်းမှ ၆.၅ ရာခိုင်နှုန်းသို့ ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တောင်သူများ၏ စုဆောင်းအပ်နှံငွေအပေါ် ပေးမည့်အတိုးနှုန်းကိုလည်း ထုတ်ချေးငွေ အတိုးနှုန်းနှင့် လိုက်လျောညီထွေဖြစ်စေရန် လက်ရှိ တစ်နှစ်လျှင် ၆.၅ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွေ ဖော်ပြပါရှိသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ ချေးငွေကို အတိုးနှုန်းသက်သာစွာဖြင့် ရရှိစေရန်အတွက် ဧပြီလ ၁ ရက်နေ့တွင် ပထမအကြိမ် အတိုးနှုန်းကို လျှော့ချပေးခဲ့ပြီး ယခုလျှော့ချပေးခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးချေးငွေအတွက် ၂၀၁၇ခုနှစ်တွင် JICA နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းကာ လုပ်ငန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ခုနှစ် မတ်လအထိ မြို့နယ်ပေါင်း ၁၅၅မြို့နယ်မှ တောင်သူ ၂၀၀၀ကျော်ကို ကျပ်ဘီလီယံ ရှစ်ဆယ် ထုတ်ချေးပေးထားကြောင်း သိရသည်။