ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဖြစ်သော COVID-19 ကြောင့် မတ်လ ကုန်အထိ မြန်မာနိုင်ငံတွင် စက်ရုံပေါင်း ၄၀ ကျော်မှ ဝန်ထမ်းပေါင်း ၂၅၀၀၀ အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး အထည်ချုပ်လုပ်ငန်းကဏ္ဍရှိ ဝန်ထမ်းပေါင်း ခုနစ်သိန်းအနက်မှ သုံးသိန်းခွဲခန့်သည် လစာမဲ့ခွင့်ပေးခံရခြင်းနှင့် အလုပ်အကိုင်ဆုံးရှုံးခြင်းတို့ဖြစ်နိုင်ခြေရှိကြောင်း ဥရောပသမဂ္ဂ မြန်မာနိုင်ငံ သံရုံးက ဆိုသည်။
မြန်မာနိုင်ငံနှင့် အထည်ချုပ်လုပ်ငန်းရှိ ဒုက္ခရောက်နိုင်ခြေရှိသော အလုပ်သမားများနှင့် သွေးစည်းရပ်တည်သည့် အနေနှင့် ဥရောပသမဂ္ဂသည် မြန်ကူ(“Quick Assistance”) ရန်ပုံငွေ ယူရို ၅ သန်း (၇.၉ ဘီလျံကျပ်) ကို လက်ရှိအခက်အခဲ အဆင်ပြေနိုင်စေရန်အတွက် Wave Money မှ တစ်ဆင့် အလုပ်သမားများအား ပေးဝေသွားမည်ဖြစ်ကြောင်း ယနေ့ကြေညာလိုက်သည်။
အဆိုပါ ရန်ပုံငွေမှ အထောက်အပံ့သုံးမျိုးပေးမည်ဖြစ်သည်။ ပထမတစ်မျိုးမှာ အလုပ်အကိုင်ဆုံးရှုံးသွား
သော သို့မဟုတ် မိမိတို့၏နေအိမ်မှ အတင်းအဓမ္မဖယ်ရှားခံရသော အခက်အခဲကြုံတွေ့နေရသည့် အလု
ပ်သမား ၃၀,၀၀၀ မှ ၈၀,၀၀၀ အထိကို တစ်လမှ သုံးလအထိ လစဉ် ပျမ်းမျှ ကျပ် ၇၅,၀၀၀ ခန့်အထိ ငွေသားလွှဲပေးခြင်းဖြစ်သည်။
ဒုတိယအမျိုးအစားမှာ တရားမဝင် စာချုပ်ဖျက်သိမ်းခံရသော အလုပ်သမားများအတွက် တစ်လလျှင် ကျပ် ၁၂၅,၀၀၀ အထိ ငွေသားလွှဲပေးခြင်းဖြစ်သည်။
တတိယအမျိုးအစားမှာ ဝန်ထမ်းများကို ဆက်လက်ခန့်ထား၍ ငွေသားနှင့်ဖြစ်စေ၊ ငွေသားမဟုတ်သည့် အခြားသော ထောက်ပံ့မှု(နေ/စားငြိမ်း) ဆက်လက်ပေးရန်အတွက် သဘောတူထားသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများရှိ အလုပ်သမားများအား ငွေသားလွှဲပေးခြင်းဖြစ်သည်။
SMART Textile & Garments ဟုခေါ်သည့် မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှု စံချိန်စံနှုန်းများ၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ကော်ပိုရိတ်တာဝန်ယူမှု မြင့်တက်စေရန်အတွက် အထောက်အကူပြုလျက်ရှိသော ဥရောပသမဂ္ဂ၏ ရေရှည်ရပ်တည်လျက်ရှိသည့် အစီအစဉ်မှ မြန်ကူ ရန်ပုံငွေများကို စီမံခန့်ခွဲပေးမည်ဖြစ်သည်။ SMART အနေနှင့်လည်း ရန်ပုံငွေ လက်ခံရရှိထိုက်သူများ ရွေးချယ်ရာတွင် ပြည်တွင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများနှင့် နီးနီးကပ်ကပ် လက်တွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကာ ၎င်း၏ ခိုင်မာအားကောင်းလှသော ကုန်ထုတ်လုပ်ငန်းပိုင်ရှင်များ၊ လုပ်ငန်းရှင်အသင်းအဖွဲ့များ၊ အမှတ်တံဆိပ်ကြီးများနှင့် အစိုးရမိတ်ဖက်ဆိုင်ရာ ကွန်ရက်များဖြင့်လည်း ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံအနေနှင့် အထည်ချုပ်ထုတ်ကုန် ၇၀% ကို ဥရောပသို့ ရောင်းချကာ မြန်မာနိုင်ငံအနှံ့အပြားတွင် အမျိုးသမီးငယ်များအတွက် အဓိကထား၍ အလုပ်အကိုင်သစ်ပေါင်း ၄၅၀,၀၀၀ ခန့်ကို ဖန်တီးပေးနိုင်ခဲ့သည်။
၂၀၁၁ ခုနှစ်တွင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ဖယ်ရှားလိုက်ပြီးနောက်တွင် တစ်နိုင်ငံလုံးရှိ လူသန်းပေါင်းများစွာတို့၏ ဘဝများ တိုးတက်ကောင်းမွန်လာရပြီး အလုပ်သမားအခွင့်အရေးပိုမိုရရှိလာခြင်း၊ ပိုမိုမြင့်မားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများဖြစ်ပေါ်လာခြင်းနှင့် ကုန်ထုတ်လုပ်ငန်းစက်ရုံများ ပေါ်ပေါက်လာခြင်းတို့ သိသိသာသာမြင့်တက်လာသည်။
ဤမြန်ကူ အရေးပေါ် အလျင်အမြန် ချမှတ်ပေးသော ရန်ပုံငွေသည် ဧပြီလမှ ဒီဇင်ဘာလ ၂၀၂၀ ထိ ချပေးမည်ဖြစ်ပြီး UNOPS မှ စီမံခန့်ခွဲသော ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှု – ဖွံ့ဖြိုးတိုးတက်ရေး – ငြိမ်းချမ်းရေး ချိတ်ဆက်ဆောင်ရွက်သည့် ယန္တရား(NRM) မှ တစ်ဆင့် ရန်ပုံငွေထောက်ပံ့မည်ဖြစ်သည်။