Covid-19 ကာကွယ်ထိန်းချုပ်နေသည့် ကာလတွင် အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ၊ အများ ပြည်သူအတွက်လိုအပ်သည့်လုပ်ငန်းများနှင့် မရှိမဖြစ်လိုအပ်သည့်လုပ်ငန်းများကို ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မေလ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
သို့သော်လည်း စက်ရုံ၊အလုပ်ရုံများအနေဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ကျွမ်းကျင်မှုဆိုင်ရာပူးေပါင်းအဖွဲ့မှ စစ်ဆေးမှုခံယူပြီးမှသာ သတ်မှတ်ချက်၊အကြံပြုချက်များနှင့် ကိုက်ညီမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ရမည်ဖြစ်သည်။
နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံနှင့်လုပ်ငန်း၊ ရေပေးဝေရေးလုပ်ငန်း၊ လျှပ်စစ်ဓါတ်အားနှင့်လောင်စာစွမ်းအင်ထုတ်လုပ်ပို့ လွှတ်ဖြန့်ဖြူးသည့်လုပ်ငန်း၊ မီးသတ်လုပ်ငန်း၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာလုပ်ငန်းများကို မရှိမဖြစ်လိုအပ်သည့်လုပ်ငန်းများအဖြစ် သတ်မှတ်ထားကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုပြင် သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရုံနှင့် ပွဲရုံလုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း၊ ကုန်ပစ္စည်းပို့ဆောင်ရေးနှင့် ကုန်တင်ကုန်တင်ကုန်ချလုပ်ငန်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများနှင့် ကုန်သွယ်ရေးလုပ်ငန်း၊ စည်ပင်သာယာရေးဆိုင်ရာလုပ်ငန်း၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း၊ အာမခံကုမ္ပဏီနှင့် ကုန်ထုတ်လုပ်မှုမရှိသောကုမ္ပဏီလုပ်ငန်း၊ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း၊ ပြန်ကြားရေးလုပ်ငန်း၊ မြို့ဝင်ကြေး၊ လမ်းအသုံးပြုခ၊ တံတားဖြတ်သန်းခ ကောက်ခံသည့်လုပ်ငန်းနှင့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းများကို အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအဖြစ်သတ်မှတ်၍ ဖွင့်လှစ်ခွင့်ပြုကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းပြင် အများပြည်သူအတွက် လိုအပ်သည့်လုပ်ငန်းများအဖြစ် ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း၊ သတ္တူနှင့်သယံဇာတလုပ်ငန်း၊ ဓါတုဗေဒဆိုင်ရာလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ငါး၊ပုဇွန် မွေးမြူဖမ်းဆီးရေးနှင့် အအေးခန်းလုပ်ငန်းတို့ကို ဖွင့်လှစ်ခွင့်ပြုလိုက်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းသို့ ဖွင့်လှစ်ရန်အတွက် covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာအချက်အလက်များနှင့်ကိုက်ညီရန် ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။