ပြည်ပသို့ ဆန်တင်ပို့မည် ဆန်ကုန်သည်များသည် အမှန်တကယ်တင်ပို့နိုင်မည့် ဆန်ပမာဏကိုသာ လိုင်စင်လျှောက်ထားရန်နှင့် တင်ပို့ခွင့်လိုင်စင်အား အခြားကုန်သည်အား လွှဲပြောင်းရောင်းချခြင်းနှင့် ဝယ်ယူခြင်းမပြုကြရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်လိုက်သည်။
ဆန်စပါးစျေးကွက်တွင် ပြည်တွင်းစားသုံးမှုဖူလုံမှုအပြည့်အဝရှိကာ လိုအပ်ချက်ရှိပါက ရိက္ခာဖြန့်ဖြူးရန်အတွက် အရန်ဆန်ထားရှိနိုင်ခြင်းကြောင့် ၂၀၂၀ ခုနှစ်မေလတွင် ဆန်တန်ချိန် တစ်သိန်းခွဲကို ပြည်ပသို့ တင်ပို့မည်ဖြစ်သည်။
ထိုသို့ တင်ပို့ရန် ကုမ္ပဏီ ၁၀၃ ခုအား ရွေးချယ်ထားပြီး အဆိုပါစာရင်းတွင် မပါဝင်သည့်ကုမ္ပဏီများအနေဖြင့် ပြည်ပသို့ တင်ပို့လိုပါက တန်ချိန် ၁၂၅ တန်အထိ တင်ပို့ခွင့်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရသည်။
ထိုပြင် အရန်ဆန် ၁၀ ရာခိုင်နှုန်းအတွက် သတ်မှတ်စျေးဖြစ်သည့် ၂၁၆၀၀ ကျပ်ကို စားသုံးသူရေးရာဦးစီးဌာနသို့ ပေးသွင်းပြီးမှသာ ပို့ကုန်လိုင်စင်လျှောက်ထားခွင့်ရမည်ဖြစ်သည်။
ပြည်ပသို့ဆန်တင်ပို့သည့် ကုန်သည်မဟုတ်ဘဲ အရန်ဆန်ရောင်းချလိုသော စက်ပိုင်၊ကုန်သည်များသည်လည်း သတ်မှတ်စျေးနှုန်းအတိုင်း အနည်းဆုံး အိတ် ၂၀၀၀ မှစတင်၍ အကန့်အသတ်မရှိရောင်းချနိုင်ကြောင်း သိရသည်။
ယင်းသို့ တင်ပို့နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ညှိနှိုင်းပြီးဖြစ်ကာ အခြားအာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများသို့ပါ G to G အစိုးရအချင်းချင်း ချိတ်ဆက်ရောင်းချနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
အဆိုပါ ဆန်တန်ချိန် တစ်သိန်းခွဲကို ပင်လယ်ရေကြောင်းမှ တန်ချိန် တစ်သိန်းနှင့် နယ်စပ်လမ်းကြောင်းမှ တန်ချိန် ငါးသောင်းတင်ပို့သွားမည်ဖြစ်ပြီး တင်ပို့မည်ဆန်အမျိုးအစားများမှာ ဆန် ၊ဆန်ကွဲနှင့် ကောက်ညှင်းဆန်တို့ဖြစ်သည်။
ယင်းဆန်များကို ပင်လယ်ရေကြောင်းမှ ကုမ္ပဏီ ၁၁၂ ခုနှင့် နယ်စပ်လမ်းကြောင်းမှ ကုမ္ပဏီ ၂၀၀ ခန့်ကို တင်ပို့ခွင့်ပြုထားကြောင်း သိရသည်။
ထိုသို့ ပြည်ပသို့ မေလမှစတင်၍ ဆန်တင်ပို့ခြင်းခွင့်ပြုမည်ဖြစ်ပြီး ယခု ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် နှစ်သန်းတင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။
လက်ရှိတွင် ပြည်တွင်း၊ပြည်ပစျေးကွက်အခြေအနေများနှင့် covid-19 အခြေအနေများကြောင့် ပြည်ပသို့ဆန်တင်ပို့ခြင်းကို နိုင်ငံတော်အစိုးရနှင့် ညှိနှိုင်းအကြံပြုခြင်းများဆောင်ရွက်သွားမည်ဖြစ်ပြီး လတ်တလောတွင် နွေစပါးပေါ်ချိန်ဖြစ်၍ တောင်သူများထံမှ သင့်တင်သောစျေးနှုန်းဖြင့် ဝယ်ယူရန် ကြိုးစားလျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
မြန်မာတစ်နိုင်ငံလုံးမှ ထွက်ရှိသည့်ဆန်များကို ပြည်တွင်းစားသုံးမှု ၇၀ ရာခိုင်နှုန်းရှိပြီ ပြည်ပသို့ တင်ပို့မှု ၂၀ ရာခိုင်နှုန်းရှိသည်။
ထိုကြောင့် ပြည်ပသို့ ဆန်တင်ပို့မှုကို အရန်ဆန်ထားရှိရေးအစီအစဉ်အောက်တွင် ဆောင်ရွက်မည်ဖြစ်ပြီး ဆန်တင်ပို့သူများသည် ပြည်ပသို့ တင်ပို့သည့်ဆန်ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို အရန်ဆန်အဖြစ်သတ်မှတ်၍ သိုလှောင်ရုံများတွင် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။