ယခုလ ၁၁ ရက်နေ့မှစတင်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(က.ည.န) ရုံးများ ပြန်ဖွင့်တော့မည်ဖြစ်ကြောင်း သိရသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန၏ ခွင့်ပြုချက်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောတူညီချက်များအရ က.ည.နရုံးများတွင် ကနဦး မှတ်ပုံတင်လုပ်ငန်းများကို ပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း က.ည.န က ထုတ်ပြန်ထားသည်။
က.ည.န မှတ်ပုံတင်လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရာတွင် ကနဦး မှတ်ပုံတင် ၀န်ဆောင်မှုကို နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်တိုင်းအတွင်းရှိ ထောက်ကြန့်နှင့် ရွာသာကြီး ရုံးများတွင် ၀န်ဆောင်မှု စတင်ပေးမည်ဖြစ်ကြောင်း သိရသည်။
မော်တော်ယာဉ်များ ကနဦး မှတ်ပုံတင်ဆောင်ရွက်ရာတွင် ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးကို ရန်ကုန်တိုင်းအတွင်း ၀န်ဆောင်မှုရပ်ဆိုင်းထားသည့် မတ်လ ၂၆ရက်နေ့မှ မေလ ၁၀ရက်နေ့အထိ ၄၆ရက်စာ ထည့်သွင်းကောက်ခံမည်မဟုတ်ဟု ထုတ်ပြန်ထားပြီးဖြစ်သည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တွင်လည်း မတ်လ ၃၀ရက်နေ့မှ မေလ ၁၀ရက်နေ့အထိ ၄၂ ရက်စာကို ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေး ကောက်ခံမည်မဟုတ်ကြောင်း သိရသည်။
သို့သော် သြဂုတ်လ ၃၁ရက်နောက်ပိုင်းမှ လာရောက်ဆောင်ရွက်မည့် ကနဉီးမှတ်ပုံတင်ယာဉ်များအနေဖြင့် ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးငွေ လျှော့ပေါ့ခွင့်ရမည်မဟုတ်ဘဲ ဒဏ်ကြေးအားလုံးကို ပေးဆောင်ရမည်ဖြစ်သည်။
လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရာတွင် COVID 19 ရောဂါ ကာကွယ်ရေးအတွက် ရုံးများတွင် လက်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ Mask မတပ်ပါက ရုံးအတွင်း ၀င်ရောက်ခွင့် မပြုခြင်းတို့ကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ ညွန်ကြားချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မော်တော်ယာဉ်အသစ်များအတွက် မှတ်ပုံတင်လုပ်ငန်းများကို ကနဉီးအနေဖြင့် ပြန်လည်ဆောင်ရွက် ခွင့်ပြုရန် မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းမှ ၀န်ကြီးဌာန နှစ်ခုသို့ ဧပြီလ ၂၇ရက်နေ့တွင် တင်ပြခဲ့တောင်းဆိုခဲ့သည်။