မော်တော်ယာဉ်အသစ်များအတွက် မှတ်ပုံတင်လုပ်ငန်းများကို ကနဉီးအနေဖြင့် ပြန်လည်ဆောင်ရွက်ခွင့်ပြုရန်အတွက် ၀န်ကြီးဌာန ၂ခုသို့ ဧပြီလ ၂၇ရက်နေ့တွင် တင်ပြထားကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းမှ သိရသည်။
မှတ်ပုံတင်လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ခွင့်ပြုရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနအပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ပါ တင်ပြထားကြောင်း သိရသည်။
COVID 19 ရောဂါမှာ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းထားရသော်လည်း လူထုကျန်းမာရေးကို ထိခိုက်မှုမရှိစေသည့် စီးပွားရေးလုပ်ငန်းများကို ပြန်လည် လည်ပတ်နိုင်စေရန်အတွက် ယခုကဲ့သို့ တင်ပြတောင်းဆိုခြင်းဖြစ်သည်။
၀န်ကြီးဌာနများအနေဖြင့် လုပ်ငန်းလုပ်ဆောင်ခွင့်ပြုမည်ဆိုပါက မှတ်ပုံတင်ရာတွင် လုပ်ဆောင်ရမည့် မော်တော်ယာဉ် နံပတ်ယူခြင်း၊ ငွေပေးသွင်းခြင်းနှင့် အခြားသောကိစ္စရပ်များကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ သတ်မှတ်ချက်များနှင့် အညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ လူစု လူဝေးမဖြစ်ပေါ်စေ၇န်အတွက် မော်တော်ယာဉ်အသစ်များ မှတ်ပုံတင်ခြင်းနှင့် အခြား မော်တော်ယာဉ်နှင့် သက်ဆိုင်သည့် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယာယီရပ်နားထားသည်။