ယာဉ်စီးခ ပေးချေရာတွင် အသုံးပြုမည့် YBS ကတ်စနစ်အတွက် လိုအပ်သည့် အချက်အလက်များကို ထပ်မံဖြည့်စွက်၍ ပြည်သူများ အမြန်ဆုံး အသုံးပြုနိုင်ရန်အတွက် YRTA သို့ တင်ပြထားလျက်ရှိကြောင်း YRTA မှ သိရသည်။
ယာဉ်များတွင် တပ်ဆင်ထားသည့် Yangon Payment Service (YPS) စက်များ အဆင်ပြေမှုရှိမရှိနှင့် ပထမအကြိမ် ပြုလုပ်ထားသည့် Pilot Project တွင့် တွေ့ရသည့် လိုအပ်ချက်များနှင့် အခြား ဖြည့်စွက်မှုများပြုလုပ်၍ ဒုတိယအကြိမ် Pilot Project ထပ်မံရေးဆွဲကာ တင်ပြရခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူများအဆင်ပြေစွာ အသုံးပြုနိုင်ရန်အတွက် YBS ယာဉ်လိုင်း ၁၉၀၀တွင် စမ်းသပ်မှုများပြုလုပ်ခဲ့ပြီးမှသာ ဒုတိယအကြိမ် Pilot Project သက်ဆိုင်ရာ ဌာနသို့တင်ပြခြင်းဖြစ်ပြီး ရလဒ်ပေါ်မူတည်၍ ပြည်သူများအသုံးပြုခွင့်ရမည့်အချိန်ကို မကြာမှီကာလအတွင်း သိရှိရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ရောဂါဖြစ်ပွားနေမှုကြောင့် လူစုလူဝေး မပြုလုပ်ရသည့်အတွက် ကတ်စနစ်နှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးရန် တွေ့ဆုံနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ကတ်စနစ်ကို စတင်အသုံးပြုပါက ကတ်ဖြင့် ယာဉ်စီးခ ပေးချေသည့်အခါတွင် ငွေပေးချေပြီးကြောင်း အချက်ပြသည့် အသံစနစ်၊ မှတ်တိုင်၏ ၇၅မီတာအတွင်းတွင်သာ ယာဉ်စီးခ ဖြတ်တောက်သည့်စနစ်၊ သတ်မှတ်ထားသည့် မှတ်တိုင်သို့ ရောက်ရှိချိန်တွင် ယာဉ်မောင်းသိစေရန် အချက်ပြသည့် အသံစနစ် အစရှိသည့် စနစ်များစွာ ပါ၀င်မည်ဖြစ်ကြောင်း သိရသည်။