YBS ယာဉ်များက YRTA သို့ နေ့စဉ်ပေးသွင်းရသည့် စီမံခန့်ခွဲမှု ရန်ပုံငွေကို မေလ ၃၁ရက်နေ့အထိ ရပ်ဆိုင်းပေးထားကြောင်း YRTA မှ သိရသည်။
နေ့စဉ်ပေးသွင်းရသည့် စီမံခန့်ခွဲမှု ရန်ပုံငွေကို မတ်လ ၂၇ရက်နေ့မှ ဧပြီလ ၃၀ရက်နေ့အထိ ရပ်ဆိုင်းပေးခဲ့ခြင်းဖြစ်သော်လည်း ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ခြင်းမရှိသေးသည့်အတွက် မေလ ၃၁ ရက်အထိ တိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။
YRTA သို့ စီမံခန့်ခွဲမှု ရန်ပုံငွေအဖြစ် ယာဉ်တစ်စီးလျှင် ၄၀၀၀ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိသော်လည်း COVID 19 ရောဂါဖြစ်ပွားနေသည့်အတွက် ခရီးသည်များ သွားလာမှု ကျဆင်းနေခြင်းကြောင့် ယခုကဲ့သို့ ရပ်ဆိုင်းပေးထားခြင်းဖြစ်ကြောင်း သိရသည်။
လိုက်ပါစီးနင်းသည့် ခရီးသည်များ လျော့နည်းနေသဖြင့် ယာဉ်လိုင်းများကို အရှုံးခံကာ ပြေးဆွဲပေးနေရခြင်းကြောင့် YRTA အနေဖြင့် အခက်အခဲကို တစ်ဖက်တစ်လမ်းမှ ကူညီသည့်အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်။
လက်ရှိတွင် ယာဉ်အစီးရေ ၁၅၀၀ ခန့်ဖြင့် ခရီးသည်ဉီးရေမှာ ၂သိန်းဝန်းကျင်ခန့်ကိုသာ သယ်ယူပို့ဆောင်ပေးနေလျက်ရှိကြောင်း သိရသည်။
ယခင်က YBS ယာဉ်လိုင်းပေါင်း ၁၀၀ကျော်မှ ယာဉ်အစီးရေ ၅၀၀၀ခန့်ဖြင့် နေ့စဉ် ခရီးသည် ၂သန်းခန့်ကို သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။